Friday, November 30, 2007

Diary Post(2)



ပို၍ကောင်းမွန်သော
မနက်ဖြန်တစ်ခုက
သင်နှင့်ကျွန်ုပ်အား
စောင့်ကြိုနေသည် ။
(ဘာလုပ်ဖို့လဲ မသိဘူးနော် . .
အားအားယားယား . .)


Diary Post (1)



စိတ်ဒုက္ခပေးတဲ့
ချစ်သူမျိုးကို မုန်းတယ် . .
ချစ်လည်း ချစ်တယ် . .


Tuesday, November 20, 2007

Still Fine!



လွမ်းအောင်ပြောတတ်သူကလည်း
လွမ်းအောင်ပြောနေတုန်းပဲ . .

ချစ်စဖွယ်ကောင်းအောင် ပြုံးတတ်သူကလည်း
ချစ်စဖွယ်ကောင်းအောင် ပြုံးနေတုန်းပဲ . .

အပြာရောင်သန်းတတ်တဲ့ မိုးကောင်းကင်ကလည်း
အပြာရောင်သန်းနေတုန်းပဲ . .

အရာအားလုံးက
အပြုသဘောဆောင်စွာ လည်ပတ်နေတုန်းပဲ . .
မင်းမရှိပေမဲ့လည်း . .


Thursday, November 15, 2007

if she were a monkey



အရမ်းသဘောကြတဲ့
ဝတ္ထုခေါင်းစဉ်တစ်ပုဒ်ရှိခဲ့ဘူးတယ် . .
“သူမသာ မျောက်တစ်ကောင်ဖြစ်သွားတယ်ဆိုပါတော့” တဲ့ . .

ဟုတ်တယ် . . အဲဒီတော့ . .
သူမသာ မျောက်တစ်ကောင်ဖြစ်သွားတယ်ဆိုပါတော့ . .
ကျွန်တော်လည်း မျောက်တစ်ကောင်ပဲ ဖြစ်ချင်တယ် . .

အိုး . .
ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲနော် . .

သစ်ကိုင်းဖျားတစ်ခုကို
သူမက ‘ဖျွတ်’ ဆိုခုန်ကူးသွားတယ် . .
ဘယ်ရမလဲ . .
ကျွန်တော်လည်း ‘ဖျွတ်’ ဆိုလိုက်ခုန်ကူးတာပေါ့ . .

ငှက်ပျောသီး ၀င်းဝင်းလေးတွေ ကို
သူမ အတွက် ခူးပေးမယ် . .
သူမ ခေါင်းယားရင်
သန်းတုတ်ပေးမယ် . .

ဇီဇာကြောင်တတ်တဲ့ လူတွေလည်း မရှိဘူးလေ . .
ဒို့နှစ်ယောက်ရဲ့ အမှီးကို
အချိန်ပြည့်လိုက်ကြည့်မဲ့
လူတွေလည်း မရှိဘူးလေ . .

“အောင်မယ်. . .ခွီး. . ခွီး . .”
သူမကို
တခြားမျောက်တွေ ပြောင်ပြတာတော့
ဘယ်လိုမှလက်မခံနိုင်ဘူးဟေ့ . .

ကဲ . .
သူမသာ မျောက်တစ်ကောင်ဖြစ်သွားတယ်ဆိုပါစို့ . .


a chat with friend



မနေ့ ညနေကပြင်းပြင်းနဲ့ 
လမ်းလျှောက်ထွက်မလို့ ဟာ
ပလက်ဖောင်းတွေက မအားဘူးတဲ့လေ . .

သြော် . .
ဒီနေရာမှာ လူတွေမပြောနဲ့
တိရိစ္ဆာန်တွေတောင်
ကျုံလှီနေကြပြီ . .

ခုတလောလား . .
ဘောလုံးပွဲတွေလား ?
ကြည့်ဖြစ်ပါတယ်ဗျာ
ဘောပွဲမကြည့်
လက်ဘက်ရည်ဆိုင်မှမထိုင်ရင်
ကျုပ်တို့ တွေ အတွက် စိတ်အပန်းဖြေစရာနေစရာမရှိဘူးလေ . .

ကိုရီးယားကားလား ?
အာ ကြည့်ဖြစ်တာပေါ့
ကျုပ်တို့  မပြည့်စုံပေမဲ့
သူတို့ ပြည့်စုံတာကို
မုဒိတာပွားလို့ ရပါတယ်ဗျာ . .

မနက်ဖြန်မနက်ဘာကောင်းလဲဟေ့
ဈေးနားကဖြတ်လျှောက်တော့
အဲ့ အသံတွေ သောသောညံနေတယ်ဗျ . .

ကျုပ်လည်း ဟိုငေးဒီငေးနဲ့ 
သူလည်း ဟိုငေးဒီငေးနဲ့ 
ဟန်းဖုန်းပြောရင်းလမ်းလျှောက်လာတဲ့
တရုတ်ကြီးတစ်ယောက်နဲ့
ဝင်တိုက်မိသေးတယ် . .
ကျုပ်ရဲ့ရေဒီယို ၀ယ်ရင်ကောင်းမလားဆိုတဲ့
အတွေးလေးတောင်ပျက်သွားတယ် . .

သြော် ဒါနဲ့ 
မနေ့  ညကလည်း အဆင်မပြေပါဘူးဗျာ . .
ဘေးအိမ်က ဦးလေးကြီးလေ
မေတ္တာကိုကျယ်ကျယ်မပို့ ရဘူးဆိုပြီး
လာဆုံးမနေလို့ လေ . .
ဘယ်နဲ့ ဗျာ . .
မေတ္တာတောင်ကျယ်ကျယ်မပို့ ရဘူးဆိုတာတော့ . .

အဆင်မပြေတာတွေချည်း
ကြားရတော့ခင်ဗျားလည်း စိတ်ညစ်မှာပဲနော် . .
တတ်နိုင်ဘူးဗျာ . .
ပြောလက်စနဲ့  ဆက်ပြောရအုံးမယ်. .
ခင်ဗျားလည်းသိတယ်ဗျာ . .
ကျုပ်လည်းသိတယ်ဗျာ . .
အမှန်လည်းအမှန်တွေသိတာပါ. .
ဒါပေမဲ့ အဲ့ဒါထုတ်ပြောလို့  မရဘူးတဲ့ဗျာ . .
လွန်လွန်းပါတယ်ဗျာ . .

စကားကောင်းနေတာနဲ့ ဗျာ . .
နောက်ဆုံကြသေးတာပေါ့ . .
သွားလိုက်ဦးမယ် ဗျာ . .


Tuesday, November 6, 2007

mess mind



ခင်ဗျားကို ခင်ဗျားလည်း
တစ်နေ့ နှစ်ဆယ့်လေးနာရီလောက်
မပိုင်တော့ဘူးပေါ့ဗျာ . .

သူများနှာခေါင်းပေါက်နဲ့ပဲ
အသက်ရှူခွင့်လည်း
ခင်ဗျားကို အပြည့်အ၀ပေးထားတယ် . .

ဒီတော့ရာ . .
ခင်ဗျားက
ခင်ဗျားမဟုတ်တော့ဘူးဆိုတဲ့ အခြေအနေပေါ့ . .

ခင်ဗျား ငြီးငွေ့လာပါလိမ့်မယ် . .
အရာအားလုံးကို
ခင်ဗျား ငြီးငွေ့လာပါလိမ့်မယ် . .

ကံမျက်စိကလည်း မလည်ဘူးပေါ့ဗျာ . .
ခင်ဗျားကို အားပေးနှစ်သိမ့်မဲ့လူကလည်း
ဝေလာဝေး . .

အဲ့ဒီလို
အဆိုးတွေကြုံလာတဲ့အခါ
ခင်ဗျား အဆိုးတွေပဲတွေးမိနေလိမ့်မယ် . .

ကျုပ်ပြောနေတာတွေ
နည်းနည်းရှုပ်လိမ့်မယ် . .
ဘာဖြစ်လို့လဲဆိုတော့
ကျုပ်သိပ်စိတ်ရှုပ်နေတယ်ဗျာ . .